ဖျာပုံမြို့၌ ပြည်သူများသက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိ

ဖျာပုံဇန်နဝါရီ ၃၀
 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဖျာပုံခရိုင်အတွင်းရှိ ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံမြို့၊ မြို့မစျေးကြီးတွင် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါစားအုန်းဆီများ ရောင်းချပေးရာတွင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ဖျာပုံမြို့၊ မြို့မစျေးကြီးအတွင်း စျေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများရောင်းချပေးရာသို့ ဖျာပုံခရိုင်စားသုံးသူရေရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးထွေးသိမ်းနှင့် ဝန်းထမ်းများက စျေးအတွင်းစားအုန်းဆီရောင်းချပေးနေမှုအား လိုက်လံစစ်ဆေးကြသည်။ ထိုသို့ ပြည်သူများအား စားအုန်းဆီများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်အတွက် စျေးကွက်အတွင်း၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြစ်ရာ၊ စျေးနှုန်းသက်သာစွာဖြင့် ခရိုင်အတွင်းစားအုန်းဆီများအား (၂)ရက်ခွဲ၍ ပထမနေ့အဖြစ်စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ်(၄၅၅၀)ဖြင့် ဆီပိဿာချိန် (၉၀၀)ပိဿာအားလည်းကောင်း၊ ဒုတိယနေ့တွင် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်(၄၅၅၀)ဖြင့် ဆီပိဿာချိန်(၁၂၀၀)ပိဿာအားလည်းကောင်း၊ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)