ဆားလင်းကြီးမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ဆားလင်းကြီး  ဇန်နဝါရီ  ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ မြို့နယ်  ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များကို အသက်အရွယ်အလိုက် ဘီဂျီစီ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာ)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊  ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ ကိုယ်ဝန်ဆောင် မိခင်များအတွက် မေးခိုင်နှင့် ဆုံဆို့နာရောဂါ ကာကွယ်ဆေးများကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ဇန်နဝါရီလ (၂၉)ရက်နှင့် (၃၀)ရက်၊ ဖေဖော်ဝါရီလ (၅)ရက်နှင့် (၆)ရက်နေ့များတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု၍ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ဥမ္မာခိုင်