မကွေး ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို ဇန်နဝါရီလ ၂၈ ရက် နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ (အိုမီခရွန်)သည် ကူးစက်မှုများ တိုးပွားလာသည်ကို တွေ့ရှိရကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် မိမိတို့ နိုင်ငံမှာပါ ကိုဗစ်-၁၉ ရောဂါ(အိုမီခရွန်)ကူးစက်မှုများ ရှိလာသည်ကို တွေ့ရှိရသဖြင့် တိုင်းဒေသကြီး အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကြိုတင် ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုများ လျော့နည်းနေပြီ ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရေး အတွက် RDT Test Kit စစ်ဆေး ခြင်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအနေဖြင့် (၅၁.၁၁)ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကာ ကျန်ရှိနေတဲ့ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးပေးနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက် စေလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဝင်ရောက်လာသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်များမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit စစ်ဆေးခြင်းများ စစ်ဆေး ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အောက်ဆီဂျင် စက်ရုံများအား အမြဲတမ်း အဆင့်သင့် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွန်ရန်လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက် စေလိုကြောင်း စသည်ဖြင့် ပြောကြား သည်။
ဆက်လက်၍ သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးတို့က ခရိုင်/မြို့နယ်များ တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေများ၊တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံပေးမည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များကို လည်းကောင်း၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဒုတိယဦးစီးမှူးက ကိုဗစ်-၁၉ ရာဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများအား လည်းကောင်း၊ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့် တစ်ပြေးညီ လိုက်နာ ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ