မြန်အောင်တွင် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုး

မြန်အောင် ဇန်နဝါရီ ၂၉

ဟင်္သါတခရိုင်၊ မြန်အောင်မြို့နယ်၊ လဟာပေါက်ကျေးရွာအုပ်စု၊ ဆင်ကျုံးကွင်းကျေးရွာ ကွင်း အမှတ် ၂၇၃(က)ရှိ တောင်သူဦးအုန်းလွင်၏ နွေစပါးစံပြ(၅)ဧကစိုက်ခင်း၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက ကျင်းပသည်။

အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် လုပ်အားခကုန်ကျစရိတ်သက်သာ​ခြင်း၊ မျိုးစေ့သက်သာခြင်း၊ လုပ်သားခကုန်ကျစရိတ်ကိုလျော့ချနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်ခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာ လိုအပ်ခြင်း၊ ပျိုးနှုတ်ယူရန်မလိုခြင်း၊ အလေအလွင့်နည်းပါး​ခြင်း၊ ပင်ပွားနှင့်အထွက်နှုန်းကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများနှင့်ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးမြင့်အောင်ကတောင်သူများအား ရှင်းလင်းဆွေးနွေး​သည်။

ထို့နောက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ တောင်သူများ၏ ဆွေးနွေးမေးမြန်းမှုများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြား​ခဲ့ကြောင်း သိရသည်။

အဆိုပါ ကောက်စိုက်စက်ဖြင့်  နွေစပါးစိုက်ပျိုးသရုပ်ပြပွဲသို့ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့မှ ဌာနဆိုင်ရာ အ​​ကြီးအကဲများနှင့်​ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းဇော်ထွန်း(မြန်မာစာ)