တနင်္သာရီ ဇန်နဝါရီလ ၂၉
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့မှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဦးစီးမှူးများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့ မွန်းလွှဲ ၃ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဦးစီးမှူးများ တက်ရောက်ကြသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်က မိမိတာဝန်ကျရာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း အပြန်အလှန်ပူးပေါင်းရန်လိုကြောင်း၊ သတင်းထုတ်ပြန်ချက်အပေါ် မိမိဝန်ထမ်းများ ပါဝင်ပတ်သက်ခြင်းမရှိအောင် ထပ်ဆင့်သတိပေးထားရန်လိုကြောင်း၊ ၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလ(၁) ရက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တစ်နှစ်ပတ်လည်နေ့မှာ အထိမ်းအမှတ်အခမ်းအနားကျင်းပနိုင်ရေး၊ ဌာနအတွင်း ကိုဗစ်-၁၉ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီး အသက်(၅၀)နှစ်နှင့်အထက် ဝန်ထမ်းများအား (Booster)ထပ်ဆောင်းထိုးနှံပေးရန် ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ ဌာနဆိုင်ရာများစသဖြင့် အစဉ်လိုက်ထိုးနှံပေးမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများတွင် လိုအပ်ပါက ပူးပေါင်းကူညီပေးကြရန်လိုအပ်ကြောင်း၊ ယခုအခါ မြို့နယ်(လဝက)ရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့် အိမ်ထောင်စုတွေပြုလုပ်ပေးနေချိန်တွင် မိမိဌာနဝန်ထမ်းများ မရှိမဖြစ်ရလေအောင် ကြပ်မတ်ဆောင်ရွက်ကြရန်၊ (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အား/ကာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပရန်ရှိကြောင်း သို့ပါ၍ ဌာနဆိုင်ရာဦးစီးမှူးများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ပြန်လည်ဆွေးနွေးကြပါရန် လမ်းညွှန်အမှာစကားပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာဦးစီးမှူးများက သိရှိလိုသည်များ၊ ဆောင်ရွက်မည့်အစီအစဉ်များအား ပြန်လည်တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်က ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)