အောင်လံ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ယမန်နေ့ မွန်လွဲ ၃ နာရီ ၂၄ မိနစ်က အောင်လံမြို့ရွာထောင်ရပ်ကွက် အေးချမ်းဖြိုး(၂၁)လမ်းတွင် ကြက်သားပေါက်များထားရှိသည့် တဲအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းဦးစီးသော သန္ဓေနှင့် အရန်မီး သတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၃၆)ဦးတို့က မီးသတ်ယာဉ် စုစုပေါင်း(၆)စီးဖြင့်သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်မှတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
ဖြစ်စဉ်မှာ ကြက်သားပေါက်များအား အပူပေးသည့်မီးသီးမှတဆင့် အပူလွန်ကဲ၍ အမိုး သက်ကယ်ပျစ်များသို့ ကူးစပ်ရာမှ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများအား နောင်အလားတူ မီးပေါ့ဆမှုမရှိစေရေး ရွာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)