ပိုင်ကျုံ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန် နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်၈နာရီ မှစတင်၍ သတ္တမအသုတ်(ဒုတိယ)အကြိမ် ထိုးနှံပေးလျက်ရှိရာ ပထမရက်တွင် လူဦးရေ(၂၈၅)ဦး၊ ဒုတိယရက်တွင်(၁၄၆)ဦး၊ တတိယရက်တွင်(၁၃၉)ဦး စုစုပေါင်း (၅၇၀)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများတို့က ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
စောဂျိုးဇက်ဂျူး (ပိုင်ကျုံ)