ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း သံတွဲခရိုင်၊ ဂွမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ   ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက သံတွဲခရိုင်၊ ဂွမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်ခန်းမ အလျား ၂၂၀ ပေ၊ အကျယ် ၈၀ ပေ၊ RCC တစ်ထပ် ခန်းမဆောင်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ခန်းမတည် ဆောက်ရေးလုပ်ငန်း ရှင်းလင်းဆောင်၌ တည်ဆောက်ရေးလုပ်ငန်းတာဝန်ခံက လုပ်ငန်းတည်ဆောက်ပြီးစီးနေမှု နှင့်ဆက်လုပ် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်း အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းကိုက်ညီရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး တို့ကို အလေးထား ဆောက်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမဆောင်တည် ဆောက်နေမှု လုပ်ငန်းခွင် အားလှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဂွမြို့နယ်ခန်းမကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၃၀၀ ဒသမ ၀၀ သန်းဖြင့် ၂၀၂၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှစတင်ကာ တည်ဆောက်နေခြင်းဖြစ်ကြောင်းသိရသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်၊ ဂွ-ကျောက်ချွန်လမ်းပေါ်ရှိ ဂွချောင်းတံတား တည်ဆောက်နေမှုအား သွားရောက် စစ်ဆေးကြရာ စီမံကိန်းရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၂) တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွှန်ကြားရေးမှူးက ဂွချောင်းတံတား တည်ဆောက်နေမှုအခြေအနေ၊ လုပ်ငန်းပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေနှင့် ဖြတ်သန်းသွားလာ ခွင့်ပြုနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ လမ်းဦးစီးဌာန၊ သံတွဲခရိုင် လမ်းဦးစီးမှူးက ဂွချောင်းတံတား ချဉ်းကပ်လမ်းတွင် ဆောင်ရွက်သည့်လုပ်ငန်းများ၏ ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းလျာထားချက်များအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးသက်လွင်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွချောင်းတံတား တည်ဆောက်ပြီးနေမှု အခြေအနေများအား တံတားပေါ်မှလှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လုပ်ငန်းလိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကြပြီး  ပြည်နယ် ဝန်ကြီချုပ်နှင့် တိုင်းမှူးတို့က အမှာစကားပြောကြားကြသည်။ ထို့နောက် ဂွမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးဇာနည်ကျော်က သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂွမြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးစိုက်ပျိုးရေး အဆင်ပြေ စေရန်အတွက် သွင်းအားစုဓာတ်မြေဩဇာ ပေးအပ်နိုင်ခဲ့မှုအခြေအနေများ၊ ကျေးလက် အိမ်ရာတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဒေသဆိုင်ရာအချက် အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖတစ်ဦးက ဒေသအတွက်လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေး ပေးကြပြီး မိမိတို့ဝန်ကြီးဌာနအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး တို့အတွက်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဂွမြို့နယ်အတွက် အားကစားပစ္စည်းများအားထောက်ပံ့ပေး အပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)