တောင်တွင်းကြီး ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်စီဂျင်အရေးပေါ်လိုအပ်မှုများကို ဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရန် မြို့မိ၊ မြို့ဖ ဒေသခံအလှူရှင်များ စုပေါင်းလှူဒါန်းထားသော သိန်း(၁၄၀၀)ကျော်ခန့် တန်ဖိုးရှိ အောက်စီဂျင်စက် အန္တရာယ်ကင်းပရိတ်တရားနာနှင့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်က စိတ္တသုခလူမှုကူညီရေး အသင်းရုံးအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နံနက်(၆)နာရီအချိန်တွင် မြို့နယ်သံဃနာယကဥက္ကဌဆရာတော်အမှူးပြုသော ဆရာတော်ကြီးများထံမှ အန္တရာယ် ကင်းပရိတ်တရားတော်များ နာယူခဲ့ကြပြီး ဆရာတော်ကြီးများအား အာရုံဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ နံနက်(၉)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းတို့က အမှာစကားပြောကြားခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးစိုးမြင့်သိန်းနှင့် အတွင်းရေးမူးဦးဇော်ကိုမင်းတို့က အောင်စီဂျင်စက်ရုံတည်ဆောက်ရခြင်းနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် အလှူခံရရှိငွေများနှင့်ပါတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအောက်စီဂျင်စက်ရုံမှာ မြို့မိ၊ မြို့ဖ ဒေသခံအလှူရှင်များ လှူဒါန်းသည့် 30 Nm3 (Non Containerized) ဖြစ်ပြီး (၁)နာရီလျှင် အောက်စီဂျင် (၄၀)လီတာအိုး (၅)လုံး ထွက်ရှိသဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
နိုင်ဝင်း(တောင်တွင်းကြီး)