ကလိန်အောင် ဇန်နဝါရီ ၂၉
မူးယစ်ဆေးဝါးကင်းစင်သည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသားကျောင်းသူများဖြစ်စေရန်နှင့် စာသင်ကျောင်းအနီးအနားတွင် ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ဟောပြောဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ကလိန်အောင် နယ်မြေရဲစန်းမှ စခန်းမှူး ရဲအုပ်ခင်မောင်ချင်းက မူးယစ်ဆေးဝါးဆိုသည်မှာ၊ စိတ်ကြွဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးပြန့်နှံ့ရောက်ရှိမှု၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းကို အသိပညာပေးဟောပြောရာ အ-ထ-က၊ ကလိန်အောင်မှ ကျောင်းသားကျောင်းသူများ (၂၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်