မန်းရွှေစက်တော် ဘုရားပွဲတော်နှင့် မန်းချောင်းအပန်းဖြေဆင်စခန်းကို တစ်ပြိုင်နက်ထဲ ဖွင့်လှစ်သွားမည်

မင်းဘူး          ဇန်နဝါရီ         ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်နှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တစ်ပြိုင်နက်ထဲ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံက သိရသည်။

ဘုရားပွဲတော်နှင့် ဆင်စခန်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်() ဒုတိယ ဗိုလ်မှူးကြီး တင့်ကျော်နှင့် တာဝန်ရှိသူများအဖွဲ့က ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်​ဆေးရာတွင် မန်းရွှေစက်တော်ဘုရားပွဲတော်ကို အစဉ်အလာမပျက် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံးဖွင့်လှစ်နိုင်ရေး ဖွင့်ပွဲကျင်းပမည့်နေရာများနှင့် ဖွင့်ပွဲမုဒ်ဦး တည်ဆောက်မည့်နေရာများ၊ အထက်စက်တော်ရာနှင့် ကိုခန်းကြီးဘုရား တောင်တက်ကားလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနှုတ်မြောင်းများ ဆောင်ရွက်ထားရှိမှုများနှင် ဘုရားဖူးမိဘပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဓာတ်လှေကားတာဝါ ဆောက်လုပ် နေမှုနှင့် ပြီးစီးမှုအခြေအနေများ၊ ဓာတ်လှေကားအနီး ကွန်ကရစ်လမ်းခင်းရန်နှင့် ကားပါကင် မြေနေရာရှင်းလင်းခြင်း ဆောင်ရွက်နေမှုများကို သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းသို့ သွားရောက်၍ ဆင်စခန်းအား ပွဲတော်ကာလတစ်လျောက် ပြန်လည်ဖွင့်လှစ်ရန်နှင့် ဆင်စခန်းဖွင့်လှစ်ခြင်း (၃)နှစ်ပြည့် အထိမ်းအမှတ်ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ တည်းခိုဆောင်၊ နားနေဆောင်နှင့် သဘာဝတောတောင် ရှုခင်းအလှပများကြည့်ရှုရင်း ဆင်စီးအပန်းဖြေမည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို ယခုနှစ်တွင် အစဉ်အလာမပျက် ကိုဗစ်စည်းကမ်း ချက်များနှင့်အညီ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် (တပို့တွဲလဆန်း ၅ ရက်)နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အလားတူ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ကိုလည်း အဆိုပါနေ့တွင် တစ်ပြိုင်နက်ထဲ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘုရားပွဲတော် ကာလမှာ တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)