ပိုင်ကျုံမြို့ နောင်ခွီးကျေးရွာအုပ်စု နောင်ဒိုင်း - သောင့်တော် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းအား မြေသားဂဝံလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

ပိုင်ကျုံ  ဇန်နဝါရီ   ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက် မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နောင်ခွီးကျေးရွာအုပ်စု နောင်ဒိုင်း - သောင့်တော် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းအား မြေသားဂဝံလမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ ၁၄ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယမန်နေ့က ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းသည် (၁/၁မိုင်×၁၂’×၂’-၉”)ရှိပြီး မြေသားဂဝံလမ်းခင်းခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် (၄၆.၅၀၁)သန်းဖြင့် အကောင်အထည်‌ဖော်ဆောင်ရွက်လျက်‌ရှိကြောင်း၊ ယင်းလမ်း‌ခင်းခြင်းလုပ်ငန်းကို ချမ်းမြေ့ဇမ္ဗူ ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ပြီး လုပ်ငန်းများအချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

လုပ်ငန်းများ ပြီးစီးမှုကြောင့် ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများနှင့်ကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများအနေဖြင့် ဥတုသုံးပါးစလုံး လမ်းပန်းဆက်သွယ်ရေး  အဆင်ပြေလွယ်ကူစွာသွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူအဆင်‌ပြေလာပြီးဖြစ်ကြောင်း သိရသည်။

နော်ခူးခူး၊စောဂျိုးဇက်ဂျူး (ပိုင်ကျုံ )