စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်တွင် ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည်

မြင်းမူ ဩဂုတ် ၂၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ် ကျန်းမာရေးဦးစီးဌာနသည် ပထမအကြိမ်အဖြစ် အမျိုးသမီး ငယ်များအား၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးထိုးနှံပေးရန် အတွက် လူဦးရေ စာရင်း ကောက်ယူထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။

မြို့ပေါ် ရပ်ကွက်ကြီး(၁၀)ခုတွင် နေထိုင်ကြသည့်   အသက်(၈)နှစ်နှင့်(၉)နှစ်အရွယ်ရှိ   အမျိုးသမီးငယ် ပေါင်း(၁၆၃)ဦးကို စာရင်းကောက်ယူထားပြီးဖြစ်ကြောင်း၊  လာမည့် စက်တင်ဘာလ (ဒုတိယပတ်)တွင် ပထမဆုံးအကြိမ်အဖြစ်  သားအိမ်ခေါင်း ကင်ဆာဆေးကို (အခမဲ့) ထိုးနှံပေး သွားမည် ဖြစ်ကြောင်း  မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၊ ဘက်စုံသားဖွားဆရာမ ဒေါ်ယဉ်ယဉ်နုထံမှ သိရှိရသည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးရန်အတွက်  မြင်းမူမြို့ပေါ်ရပ်ကွက်နှင့်  ကျေးရွာ (၈၄) ရွာတွင် နေထိုင်ကြသည့် အသက်(၈)နှစ်မှ(၉)နှစ်အရွယ် အမျိုးသမီးငယ်ပေါင်းမှာ(၉၆၈) ဦးရှိ ကြောင်းနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများတွင် တစ်ပြိုင် တည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)