မင်းဘူးမြို့ပွဲရုံများသို့ ငရုတ်သီးစိမ်းများ လှိုင်လှိုင်ဝင်ရောက်

မင်းဘူး   ဇန်နဝါရီ   ၂၉


 

မကွေးတိုင်ဒေသကြီး မင်းဘူးမြို့ရှိ ပွဲရုံများသို့ ငရုတ်သီးစိမ်းများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးမြို့ အမှတ် ( ၃ ) ပွဲရုံပိုင်ရှင် ဒေါ်ငြိမ်းထံမှ သိရသည်။

ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ဝယ်ဈေး ၇၀၀ ကျပ်နှင့် ရောင်းဈေး ၈၀၀ ကျပ်ဖြင့် တစ်နေ့လျှင် ပိဿာချိန် ၁၀၀၀၀ ခန့်ဖြင့် ပွင့်ဖြူ ကျောင်းတော်ရာ နယ်များမှ အများဆုံးလာရောက် ရောင်းချလျက်ရှိကြကြောင်း သိရသည်။

"ကျွန်တော်တို့မြို့ရဲ့ ငရုတ်သီးစိမ်းဈေးကွက်အနေနဲ့ တင်ပို့ရောင်းချမှုများမှာ ရခိုင်ပြည်နယ်သို့ အများဆုံးတင်ပို့ ရောင်းချရပြီး တစ်ပိဿာလျှင် ၈၀၀ ဈေးဖြင့် တင်ပို့၍ မင်းဘူးဈေးထဲတွင် လက်လီဈေး ၉၀၀/၁၀၀၀ ဈေးဖြင့် ရောင်းနေရသောကြောင့် ဝယ်လိုအား နည်းနေသေးလို့သာ ဈေးကွက်အေးနေတာ" ဟု မင်းဘူးမြို့ ကုန်စုံဆိုင်ပိုင်ရှင် ဦးအောင်ဆန်း ဆိုသည်။

မင်းဘူးမြို့တွင် ငရုတ်ပွဲရုံ ၅ ရုံရှိပြီး ဈေးအနည်းငယ် ကွာဟမှုရှိသော်လည်း ဝယ်ဈေး ၇၀၀ ရောင်းဈေး ၈၀၀ နှင့် မြို့တွင်း လက်လီရောင်းဈေး ၉၀၀/၁၀၀၀ ဈေးများဖြင့် အများဆုံး ရောင်းချရကြောင်း ရခိုင်ပြည်သို့ ကုန်အများဆုံး ပို့ဆောင်သူ ကိုသာပေါထံမှ သိရသည်။

ငရုတ်သီးစိမ်းမှာ  ပင်နံငရုတ်နှင့် ငရုတ်ပွအတောင့်ရှည် မျိုးဟူ၍ နှစ်မျိုးရှိပြီး ပင်နံမျိုးမှာ တစ်ပိဿာလျှင်ကျပ် ၁၂၀၀ ဈေးရှိ၍ ငရုတ်ပွအတောင့်ရှည်မျိုးမှာ တစ်ပိဿာလျှင်ကျပ် ၁၀၀၀ ဈေးရှိပြီး ငရုတ်သီးစိမ်းများပေါ်ချိန် လှိုင်လှိုင်ရောင်းချနေရသောကြောင့်  အဆင်ပြေလျက် ရှိကြကြောင်း မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာ ငရုတ်စိုက် တောင်သူကိုကျော်ကြီးက ပြောသည်။

ဇေယျာထက် (မင်းဘူး)