ဘားအံ ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘားအံမြို့ ဗိုလ်ချုပ်လမ်းမှ အမှတ်(၁)ရပ်ကွက်၊ ရ-ယ-ကရုံးရှေ့ထိ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စက်တင်ဘာလ၉ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ လုပ်ငန်းဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးအောင်မြင့်သောင်းမှ အနီးကပ်ကြီးကြပ်၍ အရှည် (၇၆၆)ပေ၊ အကျယ်(၃)ပေနှင့် ထုထည်အမြင့်(၄)ပေရှိ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၅၂.၅၀)သန်းဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ယခင်ကထက် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ပြီး မြို့သန့်ရှင်းသာယာလှပသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဦးကျော်လင်းထံမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)