ဖောင်းပြင်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်းအား ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်

ဖောင်းပြင်  ဇန်နဝါရီ   ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ထောမကျေးရွာနှင့် ပိုးဖြူတောင်ရွာချင်းဆက်လမ်း အရှည် ၅ မိုင်အား ရာသီမရွေးသွားလာရာတွင် အဆင်ပြေစေရေး အတွက် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေ ကျပ် ၁၂၀ သိန်းဖြင့် ယခုလ ၂၅ရက်နေ့မှ စတင်၍ ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်လျက်ရှိသည်။

အဆိုပါ လမ်းဖောက်လုပ်နေမှုနှင့်ပတ်သက်၍ “  လမ်းကိုဖောက်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ လယ်ယာထွက်ကုန် တွေကိုတင်ပို့ရောင်းချဖို့ အကျိုးပြုကျေးရွာပေါင်း ၁၂ ရွာရှိတာကြောင့် အလှူရှင်များရဲ့ထည့်ဝင်ငွေများနဲ့ ဖောက်လုပ်နေတာဖြစ်ပါတယ်။ လမ်းအရှည်  ၅မိုင်၊ အကျယ်ကတော့ ၂၆ ပေရှိပါတယ်။ လက်ရှိမှာတော့ လမ်းချဲ့ခြင်း၊ မြေညှိခြင်းကိုလုပ်နေတာပါ။ ပြီးရင် ရာသီမရွေးသွားလာလို့ အဆင်ပြေအောင် ကျောက်ရော မြေခင်းသွားမှာပါ။ ကုန်ကျငွေစုစုပေါင်း သိန်းနှစ်ရာကျော် သုံးရာဝန်းကျင် ခန့်မှန်းထားပါတယ်။ လက်ရှိမှာတော့ အလှူငွေစုစုပေါင်း သိန်း ၁၂၀ ရရှိနေပါပြီ။ အလှူငွေရရှိမှု အပေါ်လမ်းကိုပိုပြီးကောင်းအောင် ဆောင်ရွက်သွားမှာပါဟု ထောမကျေးရွာမှ လမ်းဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပြသည်။

ထိုလမ်းအား ဖောက်လုပ်ပြီးစီးပါက ရွာတန်းရှည်ကျေးရွာ၊ တုံကောင်းမှုကျေးရွာ၊ လယ်ဦးကျေးရွာ၊ အင်ဒေါက်တာကျေးရွာ၊ နန်းစက်ကျေးရွာ၊ နန်းပါဟုတ်ကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ပိုးဖြူတောင်ကျေးရွာ၊ ခမိုင်းကျေးရွာ၊ ထောမကျေးရွာနှင့် ကိုင်းပြင်ကျေးရွာတို့မှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအပြင် လယ်ယာထွက်ကုန်များ၊ ကုန်စည်စီးဆင်းမှုများ လွယ်ကူမြန်ဆန်စွာ သယ်ယူပို့ဆောင်ရာ၌ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း လမ်းဖြစ်မြောက်ရေး ကော်မတီဝင်ထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)