တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စုအတွင်း Biomass နှင့် Solar နည်းပညာဖြင့်(၁၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်

ထားဝယ်  ဇန်နဝါရီ ၂၈

Southern Coastline Group Co;Ltd မှ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအု်ပ်စုအတွင်း Biomass နှင့် Solar နည်းပညာဖြင့်(၁၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြစ်ကြောင်းအတွင်း သဲသောင် တူးဖော်ခြင်းစီမံကိန်းနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ကွင်းဆင်းစီစစ်ရေးနှင့် စာချုပ်(မူကြမ်း)များစိစစ်ရေးကော်မတီသို့ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက (၁၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ ထားဝယ်ဒေသသို့ မဟာဓာတ်အားလိုင်းရောက်ရှိရန် အချိန်အနည်းလိုအပ်သေးပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့်ပတ်သက်ပြီး  လုပ်ကိုင်ဆောင်ရွက်နိုင်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖိတ်ခေါ်လျက်ရှိကြောင်း၊ လျှပ်စစ်နူန်းထားကျဆင်းအောင်၊ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသောဌာနဆိုင်ရာများအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးနှင့် ခံစားနိုင်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် Southern Coastline Group Co;Ltd က စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမူအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)