မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများကို ထောက်ပံ့ငွေပေးအပ်

မင်းလှ (အောက်)  သြဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် အရ မိုးစပါးမျိုးစေ့ထုတ်‌ တောင်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက သရက်တပင်ကျေးရွာ စိုက်ပျိုးရေး ဆိုင်ရာ လူထုအခြေပြု လေ့လာမှု စခန်း၌ ပြုလုပ်သည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းနှင့်  မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဌ ဦးခင်ထွန်း တို့က အသီးသီး အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းအောင်က ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ် လာသော စီးပွားရေး ကျဆင်းမှုအား ကုစားနိုင်ရေး ရည်ရွယ်၍ မျိုးကောင်းမျိုးသန့်လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေးအတွက် မျိုးစေ့ထုတ်တောင်သူ များကို ထောက်ပံ့ငွေများ‌ပေးအပ်ရခြင်း ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် ရရှိရေးအတွက် နည်းစနစ်တကျ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

မင်းလှမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ ထုတ်လုပ်နေသော တောင်သူ(၇)ဦးကို တစ်ဧကလျှင် ၈၃၅၀၀ ကျပ်နှုန်း ဖြင့် လယ်ဧက (၃၀)အတွက် ငွေကျပ် (၂၅၀၅၀၀၀) ကို ပထမအကြိမ်အဖြစ် တာဝန်ရှိသူများက တောင်သူများကို ပေးအပ်ခဲ့ ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)