ဆင်ပေါင်ဝဲမြို့နယ် လေးဒူးကွဲကျေးရွာရှိ ကြေးနီချောင်း ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ဆောင်ရွက်ပေးနိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေး

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မင်းဦး၊ မြို့နယ်လျှပ်စစ်မှူး ဦးရန်နိုင်ဦးတို့ အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ် လေးဒူးကွဲကျေးရွာရှိ ကြေးနီချောင်း ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ဆောင်ရွက်ပေးနိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းရာတွင် အဆိုပါအဖွဲ့သည် ဦးစွာပထမ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြေပြင်အခြေအနေအား မေးမြန်းခဲ့ကာ  ဆောင်ရွက်ရန်ဖြစ်နိုင်ခြေရှိသည့် နေရာများအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည့် အချက်အလက်များအား မှတ်သားခဲ့၍ ရေတိုက်စားခြင်းမှ အမြန်ဆုံး ကာကွယ်နိုင်ရန်အတွက် အထက်အဆင့်ဆင့်သို့ ဆက်လက် တင်ပြပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)