ပူတာအို ဩဂုတ် ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူး၍ အာဖရိက ၀က်အပြင်းဖျားရောဂါနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်များအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက မချမ်းဘော့မြို့နယ်၊ နမ်ခမ်းကျေးရွာ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက ကျေးလက်ဒေသ လူမှုစီးပွား ဘ၀မြင့်မားရေး၌ ၀က်မွေးမြူရေး၏အရေးပါပုံများ၊ ၀က်မျိုးကောင်း မျိုးသန့်များနှင့် အစာအာဟာရ ကျွေးမွေးခြင်းများ၊ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ခြင်းများ၊ ၀က်များတွင် ဖြစ်တတ်သော သံလုံးကောင်ရောဂါနှင့် အာဖရိက၀က်အပြင်းဖျား ရောဂါတို့၏ သိကောင်းစရာများ၊ ကျွဲ၊ နွား လည်ချောင်းကွဲရောဂါ နှင့်ပတ်သက်၍ သိသင့်သည် များကို အသိပညာပေး ဟောပြောခဲ့ သည်။
အဆိုပါ ဟောပြောပွဲတွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ခြင်း နှင့်ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင် နှစ်မျိုးကို ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အမိန့်ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ နမ်ခမ်းကျေးရွာမှ မွေးမြူရေးကို စိတ်ပါ၀င်စားသူ ပြည်သူ(၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ ခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် အာဖရိက၀က်အပြင်းဖျားရောဂါနှင့် ကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေး ကျင့်စဉ်များအကြောင်း အသိပညာပေး ဟောပြောများကို မချမ်းဘော့မြို့နယ်၊ ဆင်လွမ်ဒမ်းကျေးရွာ၊ ပူတာအိုမြို့နယ် ဇီဒမ်းကျေးရွာ၊ ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယာန် ကျေးရွာများတွင်လည်း အသိပညာပေး ဟောပြော ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)