ကရသူရိမြို့တွင် အစိုးရ၏သတင်းထုတ်ပြန်အား ပြည်သူများ သိရှိနိုင်ရေး အသိပေးစာစောင်များ ဖြန့်ဝေ

ကရသူရိ   ဇန်နဝါရီ  ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် Silent Strike (အသံတိတ်သပိတ်)၌ ဈေးဆိုင်များ ပါဝင်မှုမရှိစေရေးနှင့် ပုံမှန်ရောင်းချရေးအသိပေးစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးစီး၍ မြို့စည်ပင်သာယာရေး တာဝန်ခံ ဦးကောင်းထက်ဆွေနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပါဝင်ပြီး ဈေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များစသည့် ဆိုင်များအားလုံးဖွင့်လှစ်ရောင်းချရေးအတွက် နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များနှင့် လိုက်နာဆောင်ရွက်ရန်အချက်များပါရှိသည့် စာစောင်များကို အသိပေးလိုက်လံဖြန့်ဝေပေးခြင်းဖြစ်ကြောင်း အဆိုပါစာစောင်ထဲတွင် သတင်းထုတ်ပြန်ချက်အနေဖြင့် “ယခုအခါ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH/NUG နှင့်ယင်းတို့လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော် တည်ငြိမ်ရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုအားကြောက်ရွံ့ထိန့်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silent Strike(အသံတိတ်သပိတ်)ပြုလုပ်ရန်လှုံ့ဆော်မှုများရှိနေပါသဖြင့် ပြည်သူများအနေဖြင့် ယင်းသို့ လှုံဆော်မှုများကိုလိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရအရေးယူခံရနိုင်ကြောင်း” လိုက်နာဆောင်ရွက်ရန် အချက်များ အနေဖြင့် “ပြည်သူလူထုများအနေဖြင့် ယင်းတို့၏လှုံဆော်မှု၊   ဝါဒဖြန့်မှုများအပေါ်     မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ၊ အများပြည်သူအနှောင့်အယှက် ဖြစ်စေမည့် ပြုလုပ်မှုများကိုအားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရနိုင်ပြီး ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း” စသည့်အသိပေးစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)