ပခုက္ကူ ဇန်နဝါရီလ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်း ထုတ်ပြန်ချက်များအား ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး အတွက် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး အကြမ်းဖက်အုပ်စုများ၏ အွန်းလိုင်း လူမှုကွန်ယက်မျိုးစုံများမှ သွေးထိုးလှုံ့ဆော်မှုများ၊ အပြုအမူများအား လိုက်ပါ လုပ်ဆောင်ခြင်းမပြုဘဲ ပုံမှန်အတိုင်း သွားလာလုပ်ကိုင်ကြရန်နှင့် အဆိုပါ လုပ်ဆောင်ချက် များအား ထိထိရောက်ရောက် ကာကွယ်တားဆီး ဆောင်ရွက်နိုင်ရေး တွေ့ဆုံ ဆွေးနွေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဈေးဆိုင်ခန်းပိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများ၊ ဈေးဆိုင်များ၊ လက်ဖက်ရည် ဆိုင်များ၊ စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)