တောင်တွင်းကြီး ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ရရှိရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ခြင်းကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက ချောင်းနက် ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ ဦးဆောင် ၍ ချောင်းနက်အုပ်စုအတွင်းရှိ ကျေးရွာ(၇)ရွာမှ အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင်မရှိသူကျား(၃၀)ဦး၊ မ(၄၂)ဦး နှင့် အဘိုး/အဘွား (၁၁)ဦးစုစုပေါင်း(၈၃)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးခဲ့ပြီး ကျန်ရှိ ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းတွင် ထည့်သွင်းရမည့် အချက်အလက်ဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် လိုအပ်ချက်မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်း၏ ပြောကြားချက်အရ သိရသည်။
၀င်းခိုင်(ပြန်/ဆက်)