ကံမ ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ Silent Strike (အသံတိတ်သပိတ်) နှင့် ပတ်သတ်၍ ဒေသခံပြည်သူများ သိရှိစေရေး ရပ်ကွက်များအတွင်း လှည့်လည်ပြီး အသိပေး သတင်းထုတ်ပြန်ချက်များကို ယမန်နေ့ မွန်းလွဲ ၃ နာရီနှင့် ည ၈ နာရီအချိန်တို့တွင် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်အသိပေးသတင်းထုတ်ပြန်ရာတွင် ကံမမြို့ရှိ ဒေသခံ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH, NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို လူမှုကွန်ယက် Facebook Account များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါ လုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ ပြုလုပ်ခြင်း လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူ ခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်းအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးထုတ်ပြန်ချက်များအား ကံမမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)