အောင်လံမြို့နယ်၌ Silent Strike (အသံတိတ်သပိတ်) နှင့်ပတ်သတ်၍ ဒေသခံပြည်သူများ သိရှိစေရေး အသိပေး သတင်းထုတ်ပြန်ချက်များ နှိုးဆော်ဆောင်ရွက်

အောင်လံ ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ Silent Strike (အသံတိတ်သပိတ်) နှင့်ပတ်သတ်၍ ဒေသခံ ပြည်သူများ သိရှိစေရေး ရပ်ကွက်များအတွင်းလှည့်လည်ပြီး အသိပေးသတင်း ထုတ်ပြန်ချက်များကို ယမန်နေ့ညနေ ၆နာရီက အသိပေးနှိုးဆော်ခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး‌နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် အောင်လံမြို့နယ်ရှိ ဒေသခံ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စု အဖြစ် ကြေညာထားသော CRPH, NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက် Facebook Account များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ ပြုလုပ်ခြင်း လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူ ခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်းအား ရပ်ကွက်များအတွင်း Soundbox ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်များအား အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)