ဆင်ပေါင်ဝဲမြို့နယ်တွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပတ်သက်ပြီး ဒေသခံ ပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များနှိုးဆော်

ဆင်ပေါင်ဝဲ    ဇန်နဝါရီ     ၂၈

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်တွင် ယမန်နေ့ ညနေ နာရီအချိန်မှစ၍ Silent Strike (အသံတိတ်သပိတ်)နှင့်ပတ်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေး ထုတ်ပြန်ချက်များကို မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအတွင်း အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့သည်။

ထိုသို့ နှိုးဆော်အသိပေး သတင်းထုတ်ပြန်ရာတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထား သော CRPH NUG ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Accountများမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံတိတ်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ယက်များ၌ ပျံ့နှံ့လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုအပေါ် မသိနားမလည်၍ဖြစ်စေ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့် ဖြစ်စေပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေး ကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါကအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ၃၃-ကနှင့် တည်ဆဲဥပဒေများအရ အရေးယူ ခံရနိုင်ကြောင်း အသိပေး ထုတ်ပြန်ခြင်းအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိ ပေးနှိုးဆော်ခဲ့သည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်များကို ဆင်ပေါင်ဝဲမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် ပူးပေါင်းကာ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်/ဆက်)