တောင်ငူ သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်က အဖွင့် အမှာစကားပြောကြားပြီး အတွင်းရေးမှူး ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သီတာအောင်က လက်ရှိ ဆောင်ရွက် လျက်ရှိသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ညှိနှိုင်းအစည်းအဝေး၌ ကလေးသူငယ်၏ အခွင့်အရေးများ ရရှိစေရေး၊ ကလေးသူငယ်မှုခင်းများ မဖြစ်ပေါ်စေရေး အတွက် ကြိုတင်ကာကွယ် လုပ်ဆောင်သွားနိုင်ရေး၊ ကလေးသူငယ်တိုင်း အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ် စောင့်ရှောက်မှုများ ရရှိစေရေး၊ ကလေးသူငယ်၏ အခွင့်အရေးများ ပိုမိုသိရှိနိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်ရေး၊ ကလေးသူငယ်၏ အကျိုးအတွက် စေတနာ့ ဝန်ထမ်း ပရဟိတအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါပြဌာန်းချက်များကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးများကို တက်ရောက်လာကြသည့် ကော်မတီဝင်များက အသီးသီး ဆွေးနွေးခဲ့ ကြ သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက် နှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(တောင်ငူ)