မြောင်းမြ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ခိုင်ထွန်းက ဦးဆောင်၍ ငလျင်သဘာဝဘေးဖြစ်ပွားလာပါက မီးဘေးအန္တရာယ်နှင့် အခြားသော ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ယနေ့နံနက် ၇:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဇတ်တိုက်လေ့ကျင့်သရုပ်ပြပွဲတွင် ပြိုကျပျက်စီးမီးလောင်နေသော အထပ်မြင့် အဆောက်အအုံတွင် ပိတ်မိနေပြီး ထိခိုက်ဒဏ်ရာရနေသော လူများအား Mobile Power Unit တွင်ပါဝင်သော ပြင်သစ်နိုင်ငံထုတ် Power Unit , Cutter , Sprader , Ram စသည့် ပစ္စည်းများကို အသုံးပြုပြီးကယ်ထုတ်ခြင်း၊ ကယ်ထုတ်လာသော လူနာများအား ရှေးဦးသူနာပြုစုခြင်းများ ဆောင်ရွက်ပြီး ဆေးရုံဆေးခန်းသို့ပို့ပေးခြင်း၊ အချိန်နှင့်တစ်ပြေးညီသတင်းများရယူပေးပို့ခြင်းများ ဆောင်ရွက်ခြင်းကို လေ့ကျင့်သရုပ်ပြဆောင်ရွက်ခဲ့ကြပါသည်။
ဇတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သဘာဝဘေးနှင့် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား ၉၀ ကျော်က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြ ကြောင်းသိရပါသည်။