ပြည် ဇန်နဝါရီ ၂၈
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် မုဋ္ဌောကျေးရွာအုပ်စု၊ ကန်ပေါင်းကံ ကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။
အရှည်ပေ၂၁၀၀၊ အကျယ် ၁၄ပေနှင့် ၉လက်မထုရှိ အဆိုပါ ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းလမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်၏ နိုင်ငံတော်ထောက်ပံ့ရန် ပုံငွေကျပ် သိန်း၁၀၀နှင့် ကျေးရွာပြည်သူများ၏ လုပ်အားတို့ဖြင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းနှင့် မုဋ္ဌောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းတို့က ယင်းကျေးရွာလမ်းအား ယမန်နေ့နံနက်ပိုင်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)