ပလောက်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါအသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်

ပလောက်  ဇန်နဝါရီ  ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက် စွာကာကွယ်နိုင် ရန်နှင့် ကြိုတင်ကာကွယ်ရေး  လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၃နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦး စီးဌာနမှဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်များသို့ အသံ ချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကူးစက် ပျံ့နှံ့မှု သည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံတစ်ခုဆီ သို့ ရောက်ရှိလာပြီဖြစ်၍  မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက် ရှိနေပြီဖြစ်ခြင်း၊ အိုမီခရွန် မျိုးကွဲသစ် သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ် ပွားနိုင်ခြင်းနှင့် ရောဂါကူး စက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့်  ပြည်သူလူထုအနေဖြင့်  ပြင်ပမှ ဧည့်သည် များလက်မခံရန်နှင့် အခြားသူများ ထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် ၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်စသည့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။ 

နှင်းမြူလွင်(ပလောက်)