အင်းတော်မြို့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လမ်းမီးတိုင်များအား LED လမ်းမီး ချောင်းများဖြင့် အစားထိုးလဲလှယ်တပ်ဆင်

အင်းတော် ဩဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ လမ်းမီး တိုင်များမှ လမ်းမီးသီးများအား LED (50 W) လမ်းမီးချောင်းများဖြင့် အစားထိုး လဲလှယ် တပ်ဆင်ခြင်းကို ယနေ့ နံနက်ပိုင်းက အင်းတော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လမ်းမီးများ အသစ်လဲလှယ် တပ်ဆင်နိုင်ရေးအတွက် တိုင်းဒေသကြီး စည်ပင်သာယာရေးဦးစီးဌာနမှ LED (50 W) လမ်းမီးအချောင်း (၅၀) ချောင်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ LED (50 W) လမ်းမီးချောင်းများအား အင်းတော်မြို့တွင်း ပြည်ထောင်စုလမ်မကြီး တစ်လျှောက် တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် လမ်းမီးတိုင်များတွင် ယခင်က တပ်ဆင်ထားရှိသော လမ်းမီးဝိုင်းများအား အင်းတော်မြို့တွင်းရှိ ကုန်သည်လမ်း၊ မြအင်းသာလမ်း ဦးကျော်လမ်း၊ သီတာအေးလမ်း၊ မြကန်သာလမ်း၊ သာယာလမ်း တစ်လျှောက်တွင် တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ လမ်းများရှိ လမ်းမီးတိုင်များတွင် လမ်းမီးများ ပြည့်စုံစွာတပ်ဆင်နိုင်ရေးအတွက် အင်းတော်မြို့နယ် စည်ပင် သာယာရေးဦးစီးဌာနမှ လမ်းမီးဝိုင်း (၇၀) ထပ်မံဆောင်ရွက်တပ်ဆင်သွားမည် ဖြစ်ကြောင်း အင်းတော် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန မြို့နယ်အမှုဆောင်အရာရှိ ဦးအေးမင်းထွန်းက ပြောပြခဲ့သည်။

ကျော်သီဟ