ဂန့်ဂေါမြို့၌ အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေး နှိုးဆော်

ဂန့်ဂေါ ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်မှစ၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် သွားလာကြသော ပြည်သူများသိရှိစေရန် ရည်ရွယ်၍ NUG CRPH တို့ လှုံ့ဆော်မှုများအား မလုပ်ဆောင်ကြရန် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

အသိပညာပေး ထုတ်ပြန်ရာတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် NUG CRPH နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် Facebook Account များမှတဆင့် နည်းလမ်း မျိုးစုံဖြင့် ပြုလုပ် လျက်ရှိသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါဆောင်ရွက်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်း နည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေး ကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေး ထုတ်ပြန်ခြင်းအား ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် ထားကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါ ပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း မော်တော်ယာဉ်များဖြင့် လိုက်လံနှိုးဆော်ပေးနေကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)