လေးမျက်နှာမြို့နယ်၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

လေးမျက်နှာ ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စတင်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကညင်သောင်ကျေးရွာအုပ်စု မြစ်ကျိူးကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်(:၀၀)နာရီအချိန်၌ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးကျော်သူ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် တာဝန်ခံအင်ဂျင်နီယာဒေါ်အိမ့်မှူးခင်တို့မှ ကျေးရွာအတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်မှထောက်ပံ့ငွေကျပ်၁၀သန်း၊ ကျေးရွာပြည်သူလူထုမှ ပူးပေါင်းထည့်ဝင်ငွေကျပ် ၂သန်း စုစုပေါင်းငွေကျပ် ၁၂သန်းဖြင့် ဒီဇင်ဘာလပထမပတ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည်၂×၈၆၀ ပေ၊ လမ်းအကျယ်၈ပေ၊ ထု၇လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကာ ယခုအချိန်တွင် လုပ်ငန်းအားလုံး၏ ၉၅ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ကျေးရွာနေပြည်သူများအတွက် အဆင်ပြေမည်ဖြစ်ကာ လယ်ယာထွက်ကုန်များ စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)