မော်လမြိုင်ကျွန်း၊ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို ယမန်နေ့က ဒုတိယအကြိမ်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းအား မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်၊ လဝကမှူး ဦးတင်အောင်မိုးတို့ ဦးဆောင်သည့်ဝန်ထမ်းများက ၁၀နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က) တွင် (၃၆)ဦးကိုလည်းကောင်း၊ ၁၈နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင် (၃၈)ဦးကိုလည်းကောင်း စုစုပေါင်း( ၇၄)ဦးအားနိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါနိုင်ငံသားစီစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း (၁၂၁)အုပ်စုရှိသည့်အနက် ပန်းခင်းစီမံချက်ဖြင့် (၁၄၈)ကြိမ် ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယနေ့အချိန်အထိ အိမ်ထောင်စုလူဦးရေစာရင်း (၂၈၃၈) စုနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား (၉၈၂၆) ကတ်အားဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အောင်အောင်