ရွှေသောင်ယံမြို့၌ သတင်းထုတ်ပြန်မှုများအား သိရှိနိုင်ရန် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

ရွှေသောင်ယံ ဇန်နဝါရီ ၂၈ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၈)နာရီအချိန်က အသံတိတ် သပိတ် (Silent Strike)နှင့် ပတ်သက်သော နှိုးဆော်ချက်များကို ပြည်သူများ သိရှိလိုက်နာစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လက်ကိုင်ဟွန်းဖြင့် ရပ်ကွက်အတွင်း လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် ကြေငြာထားသော CRPH၊ NUG နှင့်၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်လှုံ့ဆော်ခြင်း၊ဝါဒဖြန့်ခြင်း၊ခြိမ်းခြောက်ခြင်းများကို  (Facebook Account )များမှ တစ်ဆင့်နည်းလမ်းမျိုးစုံဖြင့်ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ ဝါဒဖြန့်မှုများအပေါ်မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့် ဖြစ်စေပြုလုပ်ခြင်း၊ ဖြန်ဝေခြင်း၊ အားပေးကူညီခြင်းတို့ ပြုလုက်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့်ပုဒ်မ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေး ဉပဒေ ပုဒ်မ ၃၃(က) နှင့်တည်ဆဲဉပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်းအားလိုက်လံ ကြေညာခဲ့သည်။