လောင်းလုံး ဩဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါး စိုက်ပျိုးသောရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာ၊ SMU ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမျိုးခန့်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတိုးလွင်က မိုးရာသီမိုးစပါးအတွက် မျိုးစေ့ထုတ်ယူသုံးစွဲရန် ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ရမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးခန့်နှင့် တာဝန်ရှိသူများက တစ်ဧကအထွက်ကောင်းမျိုးစေ့ဖိုးနှင့်စိုက် ပျိုးစရိတ်ထုတ်လုပ်ခ (၈၃၅၀၀) ကျပ်နှုန်းဖြင့် ဧကပေါင်း (၈၅) ဧကအတွက် ကျပ်ခုနှစ်ဆယ့်တစ်သိန်းကို လောင်းလုံးမြို့နယ် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ဆောင်ရွက်သည့် ကျေးရွာအုပ်စု (၆) အုပ်စုမှ တောင်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း (ပြန်/ဆက်)