ကလိန်အောင်မြို့တွင် အသိပေးထုတ်ပြန်ချက်အား ဒေသခံပြည်သူများသိရှိစေရေး အသိပေးဗီနိုင်းပိုစတာများ စိုက်ထူခြင်းဆောင်ရွက်

ကလိန်အောင်  ဇန်နဝါရီလ  ၂၈

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပက်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာများစိုက်ထူခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့အဝင်တံတားကြီးနှင့်‌ လူစည်ကားရာနေရာများတွင် စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပေး‌ဗီနိုင်းပိုစတာတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ယင်းတို၏ လက်အောက်ခံအဖွဲအစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲအစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်သဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်းမပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း စသည့်အကြောင်းအရာများ ပါဝင်သည်။

ထို့သို့ ပြည်သူသို့ အသိပေးကြေငြာချက် ဗီနိုင်းပိုစတာစိုက်ထူခြင်းကို ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးဆောင်၍ နယ်မြေရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်