ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားနှင့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ဟားခါး ဇန်နဝါရီ ၂၈

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို အနှစ်သာရရှိရှိ ကျင်းပနိုင်ရေးအတွက် အစည်းအဝေး ကျင်းပခြင်း ဖြစ်ကြောင်း၊ အခမ်းအနားကျင်းပရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက် များနှင့်အညီ စည်ကားစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ရန် လိုကြောင်း၊ ဆပ်ကော်မတီအသီးသီးတွင် ဖွဲ့စည်းထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အတွေ့အကြုံရှိခဲ့ပြီးသူများ ဖြစ်သည့်အတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အပြင် နေပြည်တော်တွင် ကျင်းပမည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအားလုံး ကြည့်ရှုကြစေလိုကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက် များအပေါ် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတ ရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းတို့က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုနေ့ဖြစ်သည်နှင့်အညီ အခမ်းအနား တက်ရောက် သူများက ရိုးရာဝတ်စုံများ ဝတ်ဆင်ရေးတို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန် ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းအမျိုးသားနေ့အခမ်းအနားတွင် မြို့နယ်အလိုက် ပဘာပတိ အဖွဲ့ဝင်များ ကြိုတင်ရွေးချယ်ရန်နှင့် သဘာပတိမိန့်ခွန်းများ ကြိုတင် ပြင်ဆင်ထားရှိရန်လိုကြောင်း၊ အရေးကြီးပုဂ္ဂိုလ်များ အချိန်မီဖိတ်ကြားနိုင်ရေးနှင့် ကြိုတင်စီစဉ်ရန် လိုကြောင်း၊ ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် အခမ်းအ နားကျင်းပနိုင်ရေးအတွက် ထောက်ပံ့ သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း ထားရှိမှုနှင့် ဆပ်ကော်မတီအလိုက် သတ်မှတ်သည့် လုပ်ငန်းတာဝန်များအခြေအနေ၊ အခမ်းအနားကျင်းပနိုင် ရေးအတွက် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ထောက်ပံ့ပေးရန် လျာထားမှု အခြေအနေများကို ရှင်းလင်းတင် ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက် များအပေါ် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က အခမ်းအနား ကျင်းပမည့်နေရာ သန့်ရှင်းသပ်ရပ်ရေးနှင့် လိုအပ် ချက်များကြိုတင်ဆောင်ရွက်ရေး၊ ချင်းအမျိုးသားနေ့ ကျင်းပပြီးစီးတိုင်း ဝယ်ယူသည့် ပစ္စည်းများ၊ ဆယ်တင် ပစ္စည်းများ မှတ်တမ်းဖြင့် စနစ်တကျထိန်းသိမ်းရေး၊ အခမ်းအနား တက်ရောက်သူများအား ချင်းရိုးရာအစား အစာများဖြင့် ဧည့်ခံရေး၊ ချင်းအမျိုးသားနေ့ အဝင်မုခ်ဦးပြုလုပ်ရေးတို့နှင့် ပတ်သက်၍ အကြံပြုဖြည့်စွက်ဆွေး နွေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။