မြန်အောင် ဇန်နဝါရီလ ၂၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် Silent Strike (အသံတိတ်သပိတ်)နှင့် ပက်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေးအသိပေး ထုတ်ပြန်ချက်များကို ယမန်နေ့ နံနက်နှင့် ညတို့တွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှိုးဆော်အသိပေးချက်ထုတ်ပြန်ရာတွင် အကြမ်းဖက်အုပ် စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့်ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကိုပျက်ပြားစေရန်၊ ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ် စေရန်ရည်ရွယ်ပြီး လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများစသည် အသံတိတ်သပိတ် ပြုလုပ်ရန် လှုံ့ဆော်မှုများလူမှုကွန်ရက်များ၌ ပျံ့ နှံ့နေသည်ကိုတွေ့ရှိရပါသည်။
အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို လူမှုကွန်ယက်မှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများ အနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကိုပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ. ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေ များအရအရေးယူခံရနိုင်ကြောင်း အသိ ပေးထုတ်ပြန်ခြင်းများ ပါဝင်ကြောင်းသိရသည်။
ဝင်းဗိုလ်