ကျောက်တံခါးမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ကျောက်တံခါး ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဖေဖော်ဝါရီ(၁)ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန် တားမြစ်မိန့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုနှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသံတိတ်သပိတ် ပြုလုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းနိုင်အောင်တို့က ဖေဖော်ဝါရီ(၁)ရက်နေ့ အသံတိတ်သပိတ် ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန် တားမြစ်မိန့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး  မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ မြို့နယ်အတွင်း၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုနှင့် အသံတိတ်သပိတ် ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြား နည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ မပြုလုပ်ကြစေရန်အတွက် လှည့်လည်အသိပေး ကြေငြာဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စန်းစန်း