ရေတာရှည်မြို့နယ်၌ သတင်းထုတ်ပြန်ချက်အား ပြည်သူများ သိရှိစေရန် အသိပေးကြေငြာ

ရေတာရှည်  ဇန်နဝါရီ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊    ရေတာရှည်မြို့နယ်၌ လူမှုကွန်ရက်များတွင် လှုံ့ဆော်မှုများတွင် အများပြည်သူ ပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေး ကြေညာခြင်း၊ လက်ကမ်းစာ​စောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ ည​နေပိုင်းက စတင်၍ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPHNUG နှင့် ယင်းတို့ လက်အောက်ခံ အဖွဲ့အစည်းများ၊ ဆက်နွယ် နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထု အား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး အသံတိတ်သပိတ်ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်း တီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသဖြင့် ယင်းသို့ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့်  မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အများပြည်သူ အနှောင့်အယှက် ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် တည်ဆဲ ဥပဒေများအရ အရေးယူ ခံရနိုင်ကြောင်း၊ ထို့ပြင်ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း၊ ပြည်သူများအနေဖြင့်  လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်များကို ရေတာရှည်မြို့ နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့က ပူးပေါင်းနှိုးဆော် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)