အုတ်ဖို ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက ဒေသဆိုင်ရာ ဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေ၊ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံရေး ကိစ္စရပ်များ၊ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေးနှင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များကို ဂရုပြုဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးမှ လိုင်စင်မဲ့ ဆိုင်ကယ်ဖမ်းဆီး အရေးယူဆောင်ရွက်မှု ကိစ္စရပ်များ၊ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝါဒဖြန့်ချိနေခြင်း မပြုကြရန် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက်ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အောင်သူ(အုတ်ဖို)