သရက်ချောင်းမြို့နယ်အတွင်း၌ အသံတိတ်သပိတ်ပြုလုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သရက်ချောင်း   ဇန်နဝါရီ  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းလာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်းမပြုလုပ်ရန်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ယနေ့နံနက် (၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့မြို့နယ်အတွင်း၌အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်းများမပြုလုပ်ကြစေရန်အတွက် လှည့်လည်အသိပေးကြေငြာ ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ဌာနအလိုက်ဝန်ထမ်းများအား ထပ်ဆင့်အသိ​ပေးရှင်းလင်း ဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဌာနများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် လက်ဆင့်ကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသွားရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများကမိမိတို့ဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ တင်ပြကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် ဌာနဆိုင်ရာများ တင်ပြလာသည့် လုပ်ငန်းများအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိသည်။

နန်းခလိုက်(သရခ)