ပလောက် ဩဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စည်ပင်သာယာဈေးကြီးအတွင်း၌ အိုင်အိုဒင်းဆား ရောင်းချမှု၊ အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်း၍ စည်ပင်သာယာဈေးအတွင်းနှင့် ဈေးပြင်ပရှိ ကုန်စုံဆိုင်များ၌ရောင်းချသော အိမ်သုံးဆားများ၌ အိုင်အိုဒင်းအရည်အသွေးပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးခဲ့ကြပြီး အရည်အသွေးပြည့်မီသောဆားများကိုသာ ရောင်းချရန်၊ အိုင်အိုဒင်းဓာတ် လေလွင့်ဆုံးရှုံးမှုမရှိစေရေး လုံခြုံစွာဖုံးအုပ်အသုံးပြုကြရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ရာတွင် မရှိမဖြစ်သောအာဟာရဓာတ်တစ်ခု ဖြစ်ကြောင်း၊ အိုင်အိုဒင်းဓာတ်ချို့တဲ့ပါက ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်၊ သားလျှောခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ ကလေးများခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်း၊ ဉာဏ်ရည်နိမ့်ပါးခြင်းနှင့် ကလေး၊ လူကြီးမရွေး လည်ပင်းကြီးရောဂါခံစားရခြင်း၊ သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်းစသည့်ရောဂါများ ခံစားရနိုင်ကြောင်း သိရသည်။
နှင်းမြူလွင်