ကြံခင်းမြို့တွင် အသိပေးထုတ်ပြန်ချက်အား ဒေသခံပြည်သူများ သိရှိစေရေး အသိပေးနှိုးဆော်

ကြံခင်း  ဇန်နဝါရီလ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပက်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့်‌ ကျေးရွာများတွင် အသိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်အသိပေး သတင်းထုတ်ပြန်ရာတွင် အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့နှင့် ဆက်နွယ်‌နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်၊ ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း များစသည် အသံတိတ်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်။

အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်မှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို  ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ - ကနှင့် ပုဒ်မ ၅၀၅ - က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ (က)နှင့် တည်ဆဲ ဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်းအား ရပ်ကွက်ကျေးရွာများတွင် လိုက်လံအသိပေး နှိုးဆော်ထား ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)