ကြံခင်းမြို့တွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ကြံခင်း. ဇန်နဝါရီ.  ၂၇ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် မြိုနယ်မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန ခြံဝန်းအတွင်း သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။ 

ထိုသို့သရုပ်ပြလေ့ကျင့်ခြင်းကိုမြို့နယ်မီးသတ်ဦးစီးအရာရှိဦးကိုကိုနိုင်ဦးဆောင်သောသန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်(၃)ဦးနှင့်မေတ္တာမွန်လူမှုကူညီရေးအသင်းတို့ပူးပေါင်းပြီး ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ ငလျင်လှုပ်ခြင်းကြောင့် ပြိုကျပျက်ဆီးခြင်း၊ အသက်ကယ်ခြင်း၊အချိန်မှီကုသပေးနိုင်ရေးအတွက်အဆင့်ဆင့်ဆောင်ရွက်နိုင်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်းသိရသည်။ 

အဆိုပါဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုနိုင်မှ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရမည့်အချက်များ၊ ရှာဖွေကယ်ဆယ်ရေးနည်းလမ်းတို့အားပူးပေါင်းဆောင်ရွက်ကြမည့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မေတ္တာမွန်လူမှုကူညီရေးအသင်းအဖွဲ့များကို ရှင်းလင်းပြောကြားခြင်းနှင့် ပူးပေါင်းဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခဲ့ကြောင်းသိရသည်။

မိုးမိုး