ကလိန်အောင် ဇန်နဝါရီ ၂၇
အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် ပြည်သူသို့ အသိပေးကြေငြာချက်စာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက ကလိန်အောင်မြို့ မြို့မဈေးနှင့်ဈေးဆိုင်များ၊ လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါအသိပေး ကြေငြာချက်စာစောင်တွင်အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို၏ လက်အောက်ခံအဖွဲအစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသောအဖွဲ့ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော် မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ၍ဖြစ်စေ လိုက်ပါလုပ်ဆောင် ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။
ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်သဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက် အုပ်စုများ၊ ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရအရေးယူခံရနိုင်ကြောင်း စသည့်အကြောင်းအရာများပါဝင်သည်။
ထို့သို့ ပြည်သူသို့ အသိပေးကြေငြာချက်စာစောင်ဖြန့်ဝေခြင်းကို ကလိန်အောင်မြို့ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးဆောင်၍ နယ်မြေရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်