ကဝမြို့နယ်၌ အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေးနှိုးဆော်

ကဝ    ဇန်နဝါရီ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် လူမှုကွန်ရက်များ၌  လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှု မရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၆)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။

ထိုသို့နှိုးဆော်ရာတွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊   NUG နှင့် ယင်းတို့ လက်အောက်ခံ အဖွဲ့ အစည်းများ၊  ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike  (အသံတိတ်သပိတ်) ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊  ကားဟွန်းတီး ခြင်းများ စသည်ဖြင့် အသံထွက်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ  လူမှုကွန်ရက်များ၌  ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်။ ယင်းသို့ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရန် အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်။

အကြမ်းဖက်အုပ်စုအဖြစ်  ကြေညာထားသော  CRPH ၊ NUG နှင့်  ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော  အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များသည်   နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ  ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်း၊  ခြိမ်းခြောက်ခြင်းများကို  လူမှုကွန်ရက်များမှတစ်ဆင့်  နည်းမျိုးစုံဖြင့်  ပြုလုပ်လျက်ရှိပါသည်။  ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည် ၍ဖြစ်စေ၊  ကြောက်ရွံ့၍ဖြစ်စေ  လိုက်ပါလုပ်ဆောင်ခြင်း၊  အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊  တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နှင့်   ပုဒ်မ ၅၀၅-က ၊   အီလက်ထရောနစ်   ဆက်သွယ်ဆောင်ရွက်ရေး   ဥပဒေပုဒ်မ ၃၃(က) နှင့်  တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။ ထို့ပြင်  ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်း ခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း ခံရနိုင်ပါသည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ  အရေးယူခံရနိုင်ကြောင်းစသည်ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)