မြို့သစ်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲပြုလုပ်

မြို့သစ်   ဇန်နဝါရီ  ၂၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် ဓာတ်ပုံပြပွဲကိုယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို   စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ပေးပို့သည့် သုတ/ရသစာအုပ်များ၊  မဂ္ဂဇင်းနှင့် ရုပ်ပြစာအုပ်များကို ပြသဆောင်ရွက်ခဲ့ပြီး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံရေးလှုပ်ရှားမှုများ၊ ကျောင်းသားဘဝမှတ်တမ်းပုံများနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ခင်းကျင်းပြသခဲ့သည်။

အဆိုပါ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့်  ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပြီး ပြသထားသည့် စာအုပ်စာစောင်၊ နံရံကပ်ဓါတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ ခဲ့ကြောင်းသိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)