နတ်တလင်း ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းဆီးအရေးယူနိုင်ရေး၊ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝါဒဖြန့်ချိနေခြင်း မပြုကြရန် ကိစ္စရပ်များ၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရေး ကိစ္စရပ်များ၊ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေးနှင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များကို ဂရုပြုဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။
ထို့နောက်ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)